Wednesday, June 5, 2013

၅ - ၆ - ၂၀၁၃

မသေခင် ရိက္ခာ ယူနေကြတယ် . . . ။
..............................
..............။

ဟဲ့ ဒကာ ဆုတင် . . . ။

ဘုရာ့ . . . ။

စောစောက ဒကာ ဒါယိကာမတွေ ဘာပြောနေကြတယ်ဆိုတာ ကြားလား . .။

ကြားပါတယ်ဘုရား။ ဟောဟိုက သူဌေးကြီး အကြောင်းပါ။

ဘာတဲ့လဲ . . ။

အာ အရှင်ဘုရားလဲ ကြားလိုက်မှာပဲဟာ။
အဲသည် သူဌေးကြီးက မိန်းမ ငယ်ငယ်လေးယူလို့
မသေခင် ရိက္ခာ ယူနေတယ် လို့ ပြောနေကြတာလေ ဘုရာ့ . . ။

မင်းတို့ကော ဘယ်တော့ သေမယ်ဆိုတာ သိလား . . ။

အရှင်ဘုရားကလည်း ဘယ်တော့ ဘယ်မှာ ဘယ်လို သေမယ် ဆိုတာ
မသိနိုင်ကြတဲ့ဟာကို . . ။

အေး ဒါဖြင့် မင်းတို့ အခု စီးပွားရှာပြီး ထမင်း မစားကြဘူးလား . .။

ရှာရတာပေါ့ ဘုရား။ စားလည်း စားပါတယ် ဘုရာ့။

ဘယ်တော့ သေမယ်မှန်း မသိနိုင်ပါပဲနဲ့
မသေခင် ရိက္ခာယူနေကြတာပဲ မဟုတ်လား။

မှန်ပါ့ ဘုရား။

အဲဒီ သူဌေး ကျကာမှ မသေခင် ရိက္ခာယူနေတယ် ပြောရအောင်
မင်းတို့ကော မသေခင် ရိက္ခာယူနေကြတာပဲ မဟုတ်လား။

မှန်ပါ့ ဘုရား။

ဒါဆို အတူတူပဲ။

သူများကို မသေခင် ရိက္ခာယူနေတယ်ပြောတာ မနာလို လို့။
ဟုတ်ကလား။

ဟုတ်သလိုပါပဲ ဘုရား။

အေး ဟိုက ယူနေတဲ့ ရိက္ခာကမှ လတ်တလော စားနေရသေးတယ်။
မင်းတို့က အဲသလို သူများ အတင်းအဖျင်း ပြောနေတာက
မသေခင် အကုသိုလ်ရိက္ခာ ယူနေတာနဲ့ ပို မတူပေဘူးလား . . ။

တူပါတယ်ဘုရား . . .။

သူများကို မသေခင် ရိက္ခာယူနေတယ် လို့ ပြောရင်
ကိုယ်ကလည်း မသေခင် အကုသိုလ် တွေပိုက်ပြီး
ရိက္ခာ ယူနေတယ်ဆိုတာ သတိထား . . ။
 
လူ့သဘာဝတွေကို လိုက်ပြီး မကဲ့ရဲ့ ပါနဲ့ . . ။
..............................
.........................။

ဟဲ့ ဒကာ ဆုတင် . . ။

ဘုရာ့ . . . ။

ဦးဇင်းကို ဟောဟိုက မင်းခေါ်လာတဲ့
ဒကာ ဒါယိကာမတွေက ဘယ်လိုခေါ်ကြလဲ . . . ။

ဦးဇင်းလေး ဘုန်းဘုန်းလေး ဘုန်းဘုန်းကြီး လို့
ခေါ်သံတွေတော့ ကြားတာဘဲ ဘုရာ့။

ဘာလို့ အဲသည်လို ခေါ်ကြတာတုန်း . . . ။

ဒါတော့ ဘုရား။ ချစ်လို့နေမှာပေါ့ ဘုရာ့။

သူတို့ခေါ်တဲ့ အသံက တစ်ကယ့် ဆွေမျိုး အရင်းအချာကို
ချစ်လို့ ခေါ်သံ ဟုတ်ရဲ့လား .. ။

စိတ်တော့ မဆိုးပါနဲ့ ဘုရား တပည့်တော် နားထဲမှာတော့
တစ်ချို့ ဒကာ ဒါယိကာမတွေ ခေါ်သံက
နည်းနည်းတော့ ချွဲနေသလိုပါဘုရာ့ . . ။

ဘာလို့ ဒီလို ဖြစ်နေကြတာလဲ . . .

ဒါကတော့ဘုရား အရှင်ဘုရားနဲ့ ပိုမို ရင်းနှီး ကျွမ်းဝင်အောင် နေမှာပေါ့ ဘုရား။

အေး . . ငါ့လို့ ဘုရားကျင့်ခိုင်းတဲ အကျင့်ပဲ ကျင့်နေပြီး
ဘုရားစောင့်ခိုင်းတဲ့ သိက္ခာပုဒ်ကလွဲလို့ ဘာမှ မရှိတဲ့သူကိုတောင်
ပိုမို ရင်းနှီး ကျွမ်းဝင်အောင် ကြိုးစားကြရင်
လောကီမှာ ဘာဘာ ညာညာတွေ လုပ်ပေးနိုင်တဲ့ သူတွေကို
ချည်းကပ် ကြိုးစားကြတာ ဆန်းသလား . .

မဆန်းပါဘူး ဘုရား . . .။

ဒါဆို သူတို့ကို လိုက် ကဲ့ရဲ့ မနေနဲ့။
အဲ ဒါ လူ့ သဘာဝ . . .။
 
 
 

No comments:

Post a Comment