Showing posts with label တရား အဆုံးအမများ. Show all posts
Showing posts with label တရား အဆုံးအမများ. Show all posts

Sunday, June 30, 2013

အသိဥာဏ်ယှဉ်ပြီး ဆုံးမပဲ့ပြင်ပါ



ဆူပူကြိမ်းမောင်း ထိုးကြိတ်ရိုက်နှက်ပြီး ဆုံးမတာထက်
ဖျောင်းဖျနားချပြောပြ သွန်းသင်ပြီး ဆုံးမတာက
အဆင့်အတန်း ပိုမြင့်သလို အရည်အသွေးလည်း
ပိုကောင်း စေပါတယ်။

တကယ်တော့ ရိုက်နှက်ပြီး ဆုံးမတယ်ဆိုတာ
အရည်အချင်းညံ့ဖျင်းသူတွေ၊
နည်းပရိယာယ် မကျွမ်းကျင်သူတွေ၊
အရှိန်အ၀ါသြဇာမရှိသူ တွေရဲ့
ဒေါသအခြေခံတဲ့ လုပ်ရပ်တစ်ခုပါပဲ။

ရိုက်ပြီးဆုံးမသူထက်၊
မရိုက်ဘဲ ဆုံးမနိုင်သူက အရည်အချင်းပိုရှိပါတယ်။
အဆင့်အတန်း ပိုမြင့်ပါတယ်။
အကုသိုလ်ကင်းပြီး ကုသိုလ်ရပါတယ်။
ဘာကြောင့်ရိုက်ရိုက် ရိုက်နေတာ အကုသိုလ်အလုပ်ပါ။

- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

credit to youngbuddhistassociation.mm




 
 
“ တရားအားထုတ်သူ အတွက် အင်္ဂါ ၅-ပါး ”
( ဆုတင် မှတ်စု )

၁။ ယုံကြည်မှု (သဒ္ဓါ ) တရားနှင့် ပြည့်စုံရပါမည်။

၂။ တရားအားထုတ် နိုင်စွမ်းသည်
ကျန်းမာရေး နှင့်လည်း ပြည့်စုံရပါမည်။

၃။ ဖြောင့်မတ်မှန်ကန်သော စိတ်ထားရှိရမည်။

၎။ အားထုတ်နိုင်သည့် ၀ီရိယတရား ရှိရမည်။

၅။ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိမြင်နိုင်စွမ်းသော
ပညာနှင့်လည်း ပြည့်စုံရပါမည်။

- ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး
အရှင်သောဘန မဟာထေရ်

credit to youngbuddhistassociation.mm




တစ်ခုသော ကောသလ အိမ်မက် . . .


ကောသလမင်းကြီးက . . .
" အရှင်ဘုရား၊ အိမ်လုံးမျှပမာဏ ရှိသောကျောက်ဖျာကြီးသည်
ရေပေါ်၌ ပေါ်သည်ကိုမြင်မက်ပါသည် ဘုရား" ဟု လျှောက်၏။

ဘုရားရှင်က -
"မင်းကြီး တရားမစောင့်သော မင်းများ၏ လက်ထက်သို့ ရောက်သောအခါ
လူယုတ်၊ လူဖျင်းများသာလျှင် အရာဌာနတိုင်းတွင် ထင်ရှားကြပေလိမ့်မည်။
အရိုအသေပြုခြင်းကို ခံရပေလိမ့်မည်။

ပညာရှိ လူလိမ္မာ၊ ပညာရှိ ရဟန်းလိမ္မာများ၏ ပြောစကားများသည်ကား
သြဇာသက်ရောက်မှု ရှိလိမ့်မည်မဟုတ်၊
ထိုပုဂ္ဂိုလ်တို့ စကားပြောဆိုလျှင် လူယုတ်၊ လူဖျင်းတို့က
ထိုသူတို့သည် မည်သည့်စကားကို ပြောဆိုနေသနည်းဟု
ပြက်ရယ်ပြုခြင်းကို ခံရကြလိမ့်မည်" ဟု မိန့်တော်မူသည်။

(၅၅၀၊၀ရုဏ၀င်္ဂ၊မသာသုပိနဇာတ်)

credit to ရာဝဏ။



စိတ် မဆိုးကြပါနဲ့၊ ဒေါသမထွက်ကြပါနဲ့ . . . ။
( ဆုတင် မှတ်စု )

ဒေါသလွှမ်းမိုး စိတ်ဆိုးသူထံသို့ ရန်သူတွေ လိုလားတောင့်တတဲ့ အပြစ်ခုနှစ်ပါးရောက်လာ နိုင်တယ်။
ဒေါသလွှမ်းမိုး စိတ်ဆိုးနေသူဟာ ဒေါသလွှမ်းမိုး စိတ်ဆိုးနေလို့

၁။ မည်မျှပင် ပြုပြင်ချယ်သ အလှဆင်ထားစေကာမူ
ရုပ်အဆင်းမလှဖြစ်ရ၏။

၂။ မည်မျှပင် အိစက်ညက်ညောသည့် အိပ်ရာမှာ အိပ်စေကာမူ အိပ်မပျော်ဖြစ်တတ်သည်။

၃။ သင့်၊ မသင့်ကို မနှိုင်းချင့်ဘဲ မိမိထင်ရာကိုသာ
ပြုတတ်သောကြောင့် အကျိုးစီးပွား ပျက်တတ်သည်။

၎။ ဒေါသအလျောက် ရာဇ၀တ်မှုကျူးလွန်ပါက
စည်းစိမ်ဥစ္စာ ကုန်ခန်းတတ်သည်။

၅။ လူမုန်းများသဖြင့် ရရှိထားသော အခြံအရံ၊
အကျော်အစောမှ ဆုတ်ယုတ်တတ်၏။

၆။ မလုပ်သင့် မပြောသင့်သည်ကို ပြုလုပ်သဖြင့်
ဆွေမျိုးမိတ်ဆွေများ၏ ပစ်ပယ်ခြင်းကိုခံရတတ်၏။

၇။ ဒေါသအလျောက် ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့်
မကောင်းမှုကိုပြုကျင့်ပါက သေသောအခါ အပါယ်သို့ ရာက်ရ၏။

- (ကောဓသုတ်၊ အဗျာကတ၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တရနိကာယ)

credit to oungbuddhistassociation.mm



ကုသိုလ်ဆိုသည်မှာ ယူတတ်လျှင် ရသည်။
( ဆုတင် မှတ်စု )

နည်းသည် ၊ များသည် ပဓာန မဟုတ်။
♦ လမ်းသွားနေခိုက် စေတီပုထိုး ၊
ရဟန်း မြင်လိုက်ရလျှင် လက်အုပ်ချီ ကန်တော့ရမည်။
♦ ဆာလောင်သူကို မုန့်ကျွေးရမည်။
♦ ဗဟုသုတရှာသူကို ဗဟုသုတပေးနိုင်သည်။
♦ ကားစီးနေခိုက် မေတ္တာ ဘာဝနာအလုပ် လုပ်နိုင်သည်။
♦ လမ်းလျှောက်နေစဉ် ၀ိပဿနာသတိပဋ္ဌာန် ပွားနိုင်သည်။
♦ အဓိဋ္ဌာန်ပြု၍ အိပ်ရာဝင် အိပ်ရာထမှာ တနေ့ ၂-ကြိမ်
ဘုရားဝတ်ပြု၍ ပရိတ်ရွတ်နိုင်ကြသည်။

စိတ်ဝီထိ ဇောများ စေတနာများ
အလွန်မရေတွက်နိုင်အောင် ဖြစ်ပေါ်နေ၍ . . .
ခဏကလေး ကိလေသာချုပ်ငြိမ်းမှုကို အထင်မသေးသင့်ပေ။
ရသောအချိန်မှာ ကုသိုလ်စိတ်ဖြစ်အောင် နေသင့်လှပေသည်။

- ( မစိုးရိမ်ဆရာတော်ဘုရားကြီး )

credit to youngbuddhistassociation.mm








ကိုယ်ချင်းစာစိတ်

by Su Tin (Notes) on Sunday, June 2, 2013 at 8:56pm

လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။
သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။
အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။
အရှင်ဇနကာဘိဝံသ. . . ။

သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ
ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာဖြစ်လို့
ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။
လိုတာတွေ ရဖို့ အလိုကျတာတွေ ဖြစ်လာဖို့ တောင့်တကြတယ်။
ဆန္ဒမပြည့်တာတွေ၊ အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့ ဒေါသဆိုတာ ဖြစ်လာကြတယ်။
အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာကဖြစ်စေ
အနှောင့်အယှက် အဟန့်အတားဖြစ် တယ်လို့ ယူဆရင်
အဲဒီတစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့
စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။

ကိုယ့်အလို ဆန္ဒကို နှောက်ယှက်ရင်၊ ကိုယ့်အလိုဆန္ဒနဲ့ ဆန့်ကျင်ရင် ရန်သူလို့ သတ်မှတ်ပြီး
ခွန်အားတို့၊ လက်နက်တို့နဲ့ အနိုင်ယူပစ်မယ်ဆိုတဲ့ စိတ်ထားဟာ အနိမ့်ဆုံးဖြစ်တဲ့ တိရစ္ဆာန်များမှာလည်း ရှိတာပါပဲ။
အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ်အားကိုး၊ ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချိုအားကိုနဲ့ ပြဿနာကို ဖြေရှင်းကြတာ မျိုးပေါ့။

ဒီလိုကာယခွန်အားနဲ့ ပြဿနာကို ဖြေရှင်းကြတာဟာ တစ်ခဏလောက် ကျေနပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်
ရေရှည် ဘေရန်ကင်းကြောင်း မဖြစ်ဘူး။
ဒေါသ ကိလေသာတွေ များသည်ထက်များပြီး ရန်ငြိုးအာဃာတတွေ တိုးစေတယ်။
သံသရာခရီး တစ်လျှောက်မှာလည်း ဒုက္ခတွင်းနက်ပြီး သံသရာ ခရီးရှည်စေတယ်။
ဒါကြောင့် အက္ကောဓေန ဇိနေကောဓံ=အမျက်ဒေါသ ရန်ငြိုး အာဃာတကင်း တဲ့ မေတ္တာစိတ်နဲ့
အမျက်ဒေါသ ရန်ငြိုးအာဃာတကြီးသူကို အောင်နိုင်ရမယ် လို့ ဘုရားရှင်က ဟောတော်မူခဲ့တာပါ။

ဘုရားရှင်ရဲ့ တပည့်သားများ အနေနဲ့ ဘုရားရှင်ဟောညွှန် ဆုံးမတော်မူတဲ့ အတိုင်းပဲ
နိုင်ထက်စီးနင်း ပြုမူလိုတဲ့ အကြံအစည်တွေကို သည်းခံခွင့်လွှတ်စိတ်၊
ကိုယ်ချင်းစာစိတ်များနဲ့ အစားထိုး မွေးမြူလိုက်ပါ။

"ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ" ဆိုတဲ့
အရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစကား အတိုင်းပါပဲ။
ကိုယ်ချင်းစာ တယ်ဆိုရာမှာလည်း သူ့နေရာကို ကိုယ်က အစားထိုးပြီး ၀င်ရောက်ခံစားတဲ့ သဘောပါပဲ။
ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လိုများ ခံစားရပါ့မလဲ ဆိုတဲ့
ကိုယ်ချင်းစာစိတ်လေးတွေ ရှိအောင် ကြိုးစားကြစေချင်တာပါ။
ကိုယ်ချင်းစာမှ တရားမျှမယ်၊ တရားမျှမှ တရားရှိမယ် ဆိုတာ မမေ့သင့်ပါဘူး။

ကိုယ်ချင်းစာ စိတ်ကောင်းကလေး တကယ်တမ်း မွေးမြူနိုင်လာပြီဆိုရင်
လောကမှာ ကိုယ်တိုင်ကြုံတွေ့ ခံစားရဖူးတဲ့ နားမချမ်းသာစရာ စကားမျိုးတွေ၊
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စရာ အပြုအမူမျိုးတွေနဲ့
ကိုယ်က သူများအပေါ် ဘယ်တော့ မှ မပြောဆို မပြုမူမိတော့မှာ သေချာပါတယ်။
အဲဒီလို ရှောင်ကြဉ်ကျင့်သုံး နေထိုင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မတရားမှု ကင်းသူ ဖြစ်ပါတယ်။

သဗ္ဗပါပဿ အကရဏံ = မကောင်းမှု (မတရားမှု) ကို လုံးဝမပြုရဆိုတဲ့
ဘုရားရှင်တို့ရဲ့ အခြေခံ နံပါတ်တစ် အဆုံးအမနဲ့အညီ နေထိုင်နိုင်ခြင်းဖြစ်လို့
သိက္ခာသုံးပါးနဲ့ ပြောမယ်ဆိုရင် အခြေခံ သီလသိက္ခာ လုံခြုံ ပြည့်စုံ တယ်လို့ ဆိုရမှာပါ။

လောကမှာ တရားမျှတတယ်ဆိုတာကို ကောင်းစွာ သဘောမပေါက်ကြပေမယ့်
မတရားဘူး၊ မမျှတဘူး ဆိုတာကိုတော့ လူတိုင်းလိုလို ကိုယ်တွေ့ကြုံဆုံ ခံစားသိကြဖူးမှာပါ။
တစ်ယောက်ယောက်က မိမိအပေါ် ကျိုးမဲ့ပြစ်ရဖြစ်အောင်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင်
ဆဲရေးတိုင်းထွာ ပြောဆိုတာကို ကြားရတဲ့အခါ၊ အလိမ်အညာခံရတဲ့ အခါ၊
ချောပစ်ကုန်းတိုက်စကား ပြောဆိုခံရတဲ့ အခါမျိုးတွေမှာ
ဒါဟာ သပ်သပ် မတရားပြောတာပဲ၊ မမျှမတ မမှန်မကန် ပြောတာပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြမှာပါ။
ဒီလို ပြောဆိုခံရတာကို ကိုယ်တိုင်က မတရားဘူးလို့ ခံယူထားတဲ့ အပြောအဆိုမျိုးတွေ၊
ကိုယ်က သူများအပေါ် မပြောမဆိုမိအောင် ရှောင်ကြဉ် ကျင့်သုံးနေထိုင်တာကို
မတရားမှုကင်း အောင် နေထိုင်တယ်လို့ ဆိုရတာပါပဲ။

အချင်းချင်းပြောဆိုပြုမူ ဆက်ဆံကြတဲ့အခါ ဒီလို အပြုအမူမျိုးနဲ့ တွေ့ကြုံရတာ ကိုယ်ရောစိတ်ပါ ချမ်းသာလိုက်လေ။
ဒါဟာ ကောင်းမွန်မှန်ကန်တဲ့ အပြောအဆို အပြုအမူမျိုးပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြပါလိမ့်မယ်။
အဲဒီလို ကိုယ်တိုင်က တရားမျှတတယ်လို့ ခံစားရပြီး ကိုယ်တိုင်လိုလား တောင့်တတဲ့
အပြောအဆို၊ အပြုအမူတွေနဲ့ သူတစ်ပါးအပေါ် ပြောဆိုပြုမူ မယ် ဆိုတဲ့ စိတ်ကောင်းလေးတွေ မွေးမြူကြပါ။
တောရဆရာတော်ကြီး ကတော့ ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနှင့်။
ကိုယ်လိုချင်တာ သူများကို အကုန်ပေးပါ။
ကိုယ်ပေးထားတဲ့ အတိုင်း ကိုယ်ပြန်ရလိမ့်မယ် လို့ မိန့်ကြားတော် မူပါတယ်။
ကိုယ်တိုင် မကြိုက် မနှစ်သက်တဲ့ အပြောအဆို အပြုအမူတွေကို သူတပါးကို လုံးဝ မပေးဖို့၊
ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ အတိုင်း သူတပါးကိုလည်း ပေးဝေဖို့၊
ကိုယ်ပေးတဲ့ အတိုင်းပဲ ကိုယ်တိုင်ပြန်လည် ခံစားကြရလိမ့်မယ် ဆိုတဲ့ သဘောပါပဲ။

ဗုဒ္ဓမြတ်စွာ အလိုတော်အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့ အခြေခံ အခွင့်အရေး နှစ်ခုစီ ရှိကြပါတယ်။
ပြုလုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် (ကံနဲ့ကံ၏ အကျိုး) ဖြစ်ပါတယ်။
ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံးချသူဟာ ခံစားခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူရမယ်။
ဒါဟာ ကမ္မသကတ လမ်းစဉ်မှန်ပဲဖြစ်ပါတယ်။
ဒါ့ကြောင့် သူတပါးရဲ့ အပြစ်ကိုသာ မကြည့်ပဲ ကောင်းကွက်လေးတွေ ရှာပြီး
ကိုယ်ချင်းစာစိတ်လေးတွေနဲ့သာ နေထိုင်ကြမယ်ဆိုရင် လောကကြီးလည်း အေးချမ်းရသလို
ကိုယ်ရဲ့ သံသရာခရီး အတွက်လည်း ချမ်းသာရမှာပါ။
ဒါ့ထက်ပိုလို့ ဘယ်နေရာ ကြည့်ကြည့် မေတ္တာမျက်ဝန်းလေးတွေနဲ့သာ ကြည့်တတ်ကြပြီး
မေတ္တာပုံရိပ်ကို မြင်နိုင်တဲ့ သူတွေ ဖြစ်ကြရင် ကမ္ဘာလောကကြီး ဘယ်လောက်များ သာယာလိုက်မလဲလေ။

ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ သူတွေ ဖြစ်ကြပါစေ…

အရှင်ဇနကာဘိဝံသ

Ref - Buddhism Beams

Sunday, June 23, 2013

“ သောတာပန်ဖြစ်ဖို့ အင်္ဂါလေးချက် ”




_(())_ သပ္ပုရိသူပနိဿယ-
သူတော်ကောင်းကိုမှီဝဲ ဆည်းကပ်ခြင်း။
သူတော်ကောင်းကိုမှီဝဲ ဆည်းကပ်ရာမှာ
ရဟန်းဖြစ်စေ၊ လူဖြစ်စေ ပရမတ် ခန္ဓာငါးပါးအပေါ်မှာ
ဒိဋ္ဌိကွာအောင် ဟောပေးနိုင်မယ့်ပုဂ္ဂိုလ်ပါ။

_(())_ သဒ္ဓမ္မသ၀န-
သူတော်ကောင်းတရားကို စူးစိုက် စွာနာကြားခြင်း။
သူတော်ကောင်းတရား ဆိုသည်မှာ
ပရမတ်တရားများကို ဦးစားပေး နာကြားဖို့ပါ။

_(())_ ယောနိသောမနသိကာရ-
အသင့်အားဖြင့် နှလုံးသွင်းခြင်း။
အာရုံတစ်ခုခုနဲ့ကြုံတိုင်းမှာ
အကုသိုလ် မဖြစ်အောင် ရှုတတ်ရမယ်လို့ ဆိုလိုပါတယ်။

_(())_ ဓမ္မာနု ဓမ္မပဋိပတ္တိ-
တရားနှင့်လျော်စွာ ကျင့်ကြံ အားထုတ်ခြင်း။
ထိုင်နေခိုက် ထ သခိုက်မှာပဲ ခန္ဓာငါးပါးဖြစ်ပျက်သွားပြီ။
အနိစ္စ အမြဲ မရှိပါလားလို့ ရှုပွားတာပါပဲ။

ဥဒ္ဒေသတော အကျဉ်းအားဖြင့်
တရားကိုနာရအောင် ဆောင်ရွက်။
ဒါမှမရရင် -
ပရိပုစ္ဆေတော အကျယ်တ၀င့် တရားကိုနာ
ဒါမှ မရသေးလျှင်-
ကလျာဏမိတ္တေပယိရုပါသတော
သပ္ပုရိသကို အဖန်တလဲလဲဆည်းကပ်ပြီး
မရှင်းလင်း သမျှမေးမြန်း၍ ဆင်ခြင်နှလုံးသွင်းတဲ့။

“သောတာပန်ဖြစ်ပုံ လေးမျိုး
(အင်္ဂုတ္တိုရ် ပါဠိတော်၊ သောတာနုဂတသုတ်)”

၁) သောတာနုဂမန –
ဗုဒ္ဓရဲ့တရားတော်တွေကို
နားယဉ်အောင် နားကြားထားသော ပုဂ္ဂိုလ်။

၂) ၀စသာပရိစယ =
ဗုဒ္ဓရဲ့တရားတော်တွေကို
နှုတ်ဖြင့် လေ့ကျက်ထားသော ပုဂ္ဂိုလ်။

၃) မနသာနုပေက္ခန =
ဗုဒ္ဓရဲ့တရားတော်တွေကို စိတ်ဖြင့် ဆင်ခြင်နေသော ပုဂ္ဂိုလ်။

၎) ဒိဋ္ဌိယာသုပ္ပဋိဝေဓ = ရုပ်နာမ်ပဲရှိတယ်။
ငါဆိုတာ မရှိပါလားလို့ ပညာဖြင့်
ထိုးထွင်း၍သိထားသော ပုဂ္ဂိုလ်။

ဒီပုဂ္ဂိုလ် လေးဦးလုံးဟာ
သေခါနီးရောဂါပြင်းထန်၍ ဘုရားတရားမေ့သွားတောင်
အပါယ်မကျဘဲ
၁) နတ်ပြည်ရောက်တာနဲ့ ချက်ခြင်း သောတပန် တည်ပါတယ်။
(သို့)

၂) အရှင်မဟာမောဂ္ဂလာန်မထေရ်ကဲ့သို့
တန်ခိုးကြီးတဲ့ ရဟန္တာမထေရ် တစ်ပါးပါး
နတ်ပြည်တက်လာပြီး ဟောကြား တဲ့တရားကို နာရတဲ့အခါ
လူ့ဘ၀တနုးက ငါကျင့်ကြံ အားထုတ်ခဲ့တဲ့တရားဟာ
ဒီတရားမျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို
လျင်မြန်စွာ ရတတ်ပြန်တယ်။
(သို့)

၃) ပဉ္စာလစဏ္ဍ၊ အတ္ထက ဗြဟ္မာ သနက်ုမရ ဗြဟ္မာ အစရှိတဲ့
ဓမ္မကထိက နတ်သားတစ်ပါးပါ ဟောတဲ့တရားကို နာရတဲ့အခါ
လူ့ဘ၀တနုးက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ
ဒီတရား မျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို ရပြန်တယ်။
(သို့)

၎) လူ့ဘ၀က တရားအတူနာဘက် အတူအားထုတ်ဖက်
နတ်သား နတ်သမီးချင်းတွေ့ပြီး
တရားအကြောင်းဆွေးနွေးမိရာကနေ
သောတာပတ္တိမဂ်ကို ရသွားပြန်တယ်။

- အရှင်ဇ၀န (မေတ္တာရှင်- ရွှေပြည်သာ)

credit to youngbuddhistassociation.mm


June 16 near Yangon

Wednesday, June 5, 2013

၎ ၆ ၂၀၁၃

အချစ်ကိုကိုယ်ကတန်ဖိုးထားမှ


ဇာနည်ဦး ရေ . . .။
ကိုယ်က တန်ဖိုးထားသလောက်
သူ့ ကိုယ်သူ တန်ဖိုး မထားတတ်တဲ့ မိန်းကလေး ကို
မင်း ဆက်ချစ်နေမယ် ဆိုရင် ကြီးမားတဲ့ မိုက်မဲမှု တစ်ခုပါပဲ . .။
ထိုထက်မက မင်းကိုယ်တိုင်လည်း တန်ဖိုးမဲ့သွားနိုင်တယ် . .။

လူငယ်တွေကြား ၀င် မပါ စကောင်းပေမယ့်
ငါ့တူ ငါ့သား အသိတရားရစေဖို့ ရေးလိုက်ရပါတယ်။

အချစ်မှာ ဆင်းရဲတာ ချမ်းသာတာထက်
ချစ်တတ်ဖို့ ပိုပြီး အရေးကြီးပါတယ် . . ။
တစ်ကယ်ချစ်တတ်ရင် ချစ်တဲ့သူအတွက် ကြိုးစားလာတတ်မယ်။
သူ့အတွက် ကြိုးစားတဲ့နေရာမှာ ပညာရေး လူမှုရေး
စီးပွားရေး အိမ်ထောင်ရေ အကုန်ပါတာပေါ့ . . ။

အဲသလိုချစ်တတ်ရင် ကိုယ့် ကိုယ်ကိုယ်လည်း
တန်ဖိုး ထားတတ်လာမယ်။
ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်သူဟာ
တန်ဖိုးရှိအောင် နေ ထိုင် ပြောဆို တတ်လာလိမ့်မယ် . .။

အပြန်အလှန် တန်ဖိုးထား လေးစား သိတတ်မှုဟာ
ချစ်သူဘ၀မှာသာမက အိမ်ထောင်သည်ဘ၀ . .
ထိုမျှမက ဦးဆု ပြောပြောနေတဲ့
သံသရာခရီးအတွက်ပါ အရေးကြီးပါတယ် . .။

ဦးဆု ရေးခဲ့ဖူးသလို ကိုယ့်မိဘ မောင်ဘွား ဆရာသမားတွေက
ကိုယ့် အပေါ် တန်ဖိုးထားသလောက်မှ အဲသည် မိန်းကလေးသည်
သူ့ကိုယ်သူ တန်ဖိုး မထားတတ်ပါဘူး ဆိုရင်တော့ . . .
မင်းအတွက် တန်ဖိုးရှိတဲ့ ချစ်သူဟာ
သူ မဟုတ်နိုင်ဘူး . .။

မင်းကိုယ်တိုင်လည်း တန်ဖိုးအောင်ကြိုးစားပါ။
မင်းရဲ့ ဘ၀အရည်အချင်း တန်ဖိုး ရှိသလောက်
မင်းအတွက် ထိုက်တန်တဲ့သူ
မင်း တွေ့လာ ရလာ ချစ်လာ ပိုင်ဆိုင် လာပါလိမ့်မယ် . .။

ဘ၀ အတွေ့အကြုံတွေ အသက်နဲ့ မက
ချိုမြိန် ခါးသည်း ပျော်ရွှင် ပူဆွေးဖူးတဲ့ . . .

ဆုတင် . . ။



အကုသိုလ်


သတ္တ၀ါတွေမှာ . .
အထူးသဖြင့် လူတွေမှာ အကုသိုလ် ကြီးနေရင်
ဒါ့ထက်ပိုလို့ ၀ဋ်ကြွေးတွေ ကြီးနေရင် များနေရင်
ဘယ် ဘိုးဘိုးကြီး မက သိကြားမင်း မက
ဘုရားတောင် မကယ်နိုင်ဘူး . . . ။

ဘုရားမကယ်နိုင်တဲ့ အကုသိုလ်ကောင်တွေ
လောကမှာ အများကြီးရယ် . . . ။

သူများလုပ်လို့ ကိုယ် ခံရရင် ခနတာလေးရယ်။
ကိုယ်လုပ်တဲ့ အကုသိုလ်ဝဋ်ကြွေး ကိုယ့်ဘာသာ ခံရပြီ ဆိုရင်တော့
တစ်ဘ၀ တစ်သံသရာ တာ့တာ ဘိုင့်ဘိုင်လေးတောင်
နှုတ်ဆက်နိုင်တော့မှာ မဟုတ်ဘူး . .။

အလကားနေရင်း အကုသိုလ်တွေ လုပ်မနေနဲ့ . . ။
ကြားလား ဟဲ့ ဆုတင် . . .။

ဟုတ် ဟုတ်ကဲ့ပါ ခင်ဗျ . . ။




ဆုံးဖြတ်ချက် ချရမယ့်အချိန် . . ။
( ဆုတင် မှတ်စု )


သိပ်ပျော်နေတုန်းမှာ ဘာမှမဆုံးဖြတ်ပါနဲ့၊
မှား သွားမယ်။

သိပ်အစိုးရိမ်လွန်ရင်လည်း ဘာမှမဆုံးဖြတ်ပါနဲ့။
အဲဒီ ဆုံးဖြတ်ချက်ကလည်း မှား မှာဘဲ။

သိပ်မုန်း နေရင်လည်း ဘာမှ မဆုံးဖြတ်နဲ့၊
မှား သွားလိမ့်မယ်။

ချစ်ခြင်း ၊မုန်းခြင်း ကင်းနေတဲ့ အခါမှာ၊
ဝမ်းသာ၊ ဝမ်းနည်း ကင်းနေတဲ့ အခါမှသာ
စိတ်အေးအေးနဲ့ ဆုံးဖြတ်ရင် အဖြေမှန်ကို ရနိုင်တယ်။

အဖြေမှန်မှသာ လုပ်တာတွေ မှန်မယ်။
အဲဒါမှ တိုးတက်မယ်၊ ကြီးပွားမယ်။

ဒါကြောင့် လောကဓံ တရားနဲ့ တွေ့တဲ့ အခါမှာ
တတ်နိုင်သလောက် တုန်လှုပ်မှု နည်းတဲ့သူ
ဖြစ်အောင် ကြိုးစား စေချင်ပါတယ် ။

- (ဆရာတော် ဦးဇောတိက၊ မဟာမြိုင်တောရ)

credit to youngbuddhistassociation.mm



( ဆုတင် မှတ်စု )

♦ အအိပ်ကြီးသူ
♦ မေ့လျော့တတ်သူ
♦ သက်သောင့်သက်သာ ဇိမ်ခံနေတတ်သူ
♦ ရောဂါရနေသောသူ
♦ ပျင်းရိသူ
♦ အလိုကြီးသူ
♦ အသေးအဖွဲ အလုပ်တွေ နှင့် အချိန်ကုန်သူ . .

ဤသူ ခုနှစ်ယောက်တို့သည် ကျန်းဂန်စာပေ
တတ်ကျွမ်းခြင်းမှ ကင်းကုန်၏။

- (လောကနီတိ)

credit to youngbuddhistassociation.mm

 

 မျက်စေ့
 လောကီ မျက်စေ့နဲ့ အတ္တစိတ် သဘောကို ထင်ဟပ်စေတဲ့
အကောင်း မြင်တတ်ခြင်း၊ အဆိုး မြင်တတ်ခြင်း ဆိုတာနဲ့ . . .

ပညာ ဥာဏ်နဲ့
အကောင်း အဆိုးကို ခွဲခြား သိမြင် တတ်တာခြင်း . . .
အသိ ပညာခြင်း ကျတော့ အများကြီး ကွာပါသေးတယ် . . ။

ပညာမျက်စေ့နဲ့ မြင်တတ်အောင်
ကျနော် ကြိုးစားရပါဦးမည် . . 



အတိတ်ကို တာဝန်ယူနိုင်ဖို့
ပစ္စုပ္ပန် အချိန်တွေ သာယာ ချိုမြိန်ပါစေ . .။


တွေ့ ကြုံ ဆုံ ကွဲ တစ်ခရီးတည်းသွားကြတဲ့
သံသရာ ခရီးသည်တွေပါ . .။

တို့တွေ ဘယ်ပုံ တွေ့ဆုံခဲ့ကြလဲ . . .။
ဘယ်တုန်းက ဘယ်မှာ ဘယ်သူတွေနဲ့
ဘာတွေ ဘယ်လို ပျော်ရွှင် ကြည်နူးခဲ့ကြသလဲ . . ။

ကိုယ်က သူ့အပေါ် တာဝန်ကြေခဲ့သမျှကို ကြေနပ်လို့
သူက ကိုယ့်အပေါ် ကောင်းခဲ့တာတွေ ကြည်နူးရင်း
အတိတ်ဆိုတာ ပျော်ရွှင်ဖွယ် အပြုံးတွေနဲ့ ပြည့်စုံနေရင်
သေချာပါတယ် . . .
တို့တွေ သံယောဇဉ် နဲ့ ဖြူစင်တဲ့ စေတနာ
မေတ္တာတွေ ထားနိုင်ခဲ့ကြတယ် . . ။



 

လှူခြင်းအကျိုး

Saturday, May 18, 2013

လူကောင်း၊ လူမိုက် ဖြစ်ရခြင်း အကြောင်း



လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို
လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။

ကိလေသာ တရားဆိုး တို့ကို
နှိပ်ကွပ် ဆုံးမနိုင်ခြင်းကြောင့်
လူကောင်းအဖြစ် မြင်ရခြင်းသာဖြစ်ပြီး . . .

ကိလေသာ တရားဆိုး တို့ကို
မနှိပ်ကွပ် မဆုံးမ နိုင်ခြင်းကြောင့်
လူမိုက်အဖြစ် မြင်ရခြင်းသာဖြစ်သည်။

- (ဖားအောက်ဆရာတော်)

credit to youngbuddhistassociation.mm

အပြောမတတ် အရှုပ် အဖွ များရင် အတော မသတ် ဒုက္ခ ပွားမယ်



သူ့ စကားကို ကိုယ့် စကား လုပ် ပြောတာ၊

ကိုယ့် စကားကို သူ့ စကားလုပ် ပြောတာ၊

ဟို စကား ဒီပို့ တာ၊ ဒီစကား ဟို ပို့တာ၊

ပါးစပ်ထဲ တွေ့ရာ ဇာတ်လမ်းဆင်ပြီး
ပလီစေ့ခြောက်ချက် လုပ်တာ၊

ဆရာကြီးလေသံနဲ့ အာချောင်တာ၊

ကိုယ့်စိတ်နဲ့နှိုင်း ကိုယ်လိုရာ ဆွဲတွေးပြီး
တစ်ဖက်သားကို စွပ်စွဲ ကဲ့ရဲ့တာ၊

အတင်းပြောတာ၊ အပုပ်ချတာ၊

နာမည်ဖျက်တာ၊ သိက္ခာချတာ၊

ငယ်ကျိုးငယ်နာဖော်တာ၊

ဒါတွေအားလုံးဟာ “၀စီဒုစရိုက်လေးပါး” ထဲမှာ
အကျုံးဝင်ပါတယ်။

- အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

အဆုံးအမများ

ပုံမှန်ဖြစ်ပါစေ

ကိုယ့်ကိုကိုယ်လည်း သိပ် အထင်မကြီးနဲ့ ၊
ထိန်းမနိုင် သိမ်းမရ ဖြစ်တတ်တယ်။

ကိုယ့်ကိုကိုယ်လည်း သိပ် အထင်မသေးနဲ့ ၊
ကြိတ်ပြီး ရူးသွားတတ်တယ် ။

ဘယ်ဟာမှမကောင်းဘူး ရမ်းမလုပ်နဲ့ ၊
ပုံမှန်ဖြစ်ပါစေ ။

- (ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ)

credit to youngbuddhistassociation.mm

---------------------------------------------------------------


မိဘများနဲ့ အတူနေခွင့် လုပ်ကြွေးခွင့်ရတာ
ဗြဟ္မာကြီးတွေနဲ့ အတူ နေရသလိုပါတဲ့ . . ။

အလှူခံ ပုဂ္ဂိုလ်ထူး၊ လက်ဦးတဲ့ မြတ်ဆရာ၊
ထက်ကောင်းကင် ဗြဟ္မာမျိုး တိုးလို့မှတ်ပါ။

ထိုသူတွေ ဘယ်မှာရှိငြား၊
တခြားမောင်မရှာလေနဲ့၊
နောင်အခါ ပူဇော်ရမယ်
မိဘနှစ်ပါး။

- (မဟာဂန္ဓာရုံဆရာတော်)


-----------------------------------------------------------------

အဆိုးထဲက အကာင်းရှာ


အပူမီးကြောင့် ပေါ်ထွက်လာတဲ့
အလင်းရောင်ကို
အားကိုးလို့ ရနိုင်သလို . .

ပြဿနာကြောင့် ရရှိလာတဲ့
အသိဥာဏ်ကိုလဲ အားကိုးနိုင်တယ်။

- (ဓမ္မဒူတ အရှင်ဆေကိန္ဒ)

credit to youngbuddhistassociation.mm
 

တရား အဆုံးအမများ




သာဓုခေါ်ပေးနိုင်ကြဖို့ပါ .

ဗုဒ္ဓ၀င် ဇာတ်တော်ထဲမှာ ရွှေမန်းတင်မောင်
သုဒ္ဓေါဓန မင်းကြီးက မယ်တော်တော် မာယာ
ဒေ၀ဒဟ ကို သွားချင်လို့ ပူဆာတော့ တားမြစ်တယ်။
မိဘုရားကြီးက ဇွတ်သွားမယ်လုပ်တော့
စိတ်ဆိုးပါလေရော . . .။
မျက်မာန်ရှမယ် ကြံတုန်း ကိုယ်ဝန်ကြီးကို သတိရပီး စိတ်လျော့။
သွားခွင့်ပြုတော့ မယ်တော်မာယာက ကန်တော့။
ဒီတော့ ရွှေမန်းတင်မောင် သုဒ္ဓေါဓန မင်းကြီးက ဆုပေးရာမှာ
" အေး အစစ အပြစ်ရှိသမျှ အန၀ဇ္ဇာနိ
မောင်တော် ခွင့်လွှတ်မယ် နှမရယ် . . " လို့
အမိန့်ရှိလိုက်တယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

မင်္ဂလာ တရားတော်မှာ အန၀ဇ္ဇာနိ ကမ္မာနိ
မကောင်းမှုမှ ကင်းသော အပြစ် ကင်းသော
အမှု ကိစ္စကို လုပ်ဆောင်ဖို့။
ထိုထက် . . . ပြုမယ်ကြံသော အပြစ်ကို မကောင်းမှုကို
မတွေ့ခင်က ရှောင်ကျဉ်ပီး တွေ့ကြုံလာရင် မလွန်ကျူးဖို့
ဆိုဆုံးမ ထားပါတယ်။ အဲဒါမှ မင်္ဂလာ ပေကိုး . . ။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ကိုယ့်အပေါ် ဘယ်သောအခါမှ မကောင်းတာ မှန်သမျှ
မတွေး မကြံ မပြော မလုပ်တဲ့
ကျေးဇူးရှင်ဖခင်ကြီး သခင်တင်ဦးနဲ့
ခင်ပွန်းကြီးဆယ်ပါး စာရင်းဝင်
ဘဘ အထောက်တော် ဦးလှအောင် တို့အပေါ်
စိတ်အထင်မှားဘွယ်ရာ တစ်ခု ကြုံတွေ့ရပါတယ်။

အကုသိုလ်ကို စေ့ဆော် ဖြစ်ပေါ်စေသူတို့ကြောင့်
ငါလည်း မသိ၊ မြန်မာပြည်မှာသော်မှ ငါလည်းမရှိ၊
ငါလည်းဘာမှ မကျူးမလွန် မဖြစ်ခဲ့တဲ့ ကိစ္စကို
အဖေနဲ့ ဘဘက ဒီလိုပြောသလား ဆိုတဲ့ အတွေးနဲ့
ရုတ်တရက် စိတ်နလုံး မချမ်းမြေ့စွာ ခံစားမိရင်းက . . .

ဘဘ ဦးလှအောင် ကတော့ ဘ၀တစ်ပါး ပြောင်းသွားပီးမို့
ဘာမှ မပြောသာတော့ သော်ငြား
သက်ရှိထင်ရှား အဖေ့ကို ဒေါသစိတ်နဲ့
မေးမိ မလို ဖြစ်ခဲ့ရပါတယ် . . ။
ဒေါသစိတ်နဲ့ ပြောမယ် ဆိုမှ တော့လည်း
ကိုယ် အမူအရာလည်း ရုတ်ရင်း ကြမ်းတမ်းသွားမှာပါပဲ။

အဖေ့ဆီ ရောက်ခါနီးကာမှ ရွှေတိဂုဏ်စေတီကြီး ဖူးမြင်မိလို့
အော် . . မိဘ နဲ့ ခင်ပွန်းကြီးဆယ်ပါးကို ရိုသေစွာ
လုပ်ကြွေး နေတဲ့ငါက တစ်ပါးသူ ကလေ က၀ ပြောဆိုတာနဲ့
ပစ်မှား မိတော့ မှာပါ ကလားလို့ သတိစိတ် ၀င်မိပါတယ်။

ထိုသောအချိန်မှာပဲ ဘုရားနှင်တကွ
ခင်ပွန်းကြီးဆယ်ပါးကို ဦးတင် ရှိခိုးမိပါတော့တယ်။
အဖေ့ဆီရောက်သွားတဲ့ အခါမှာလည်း ငြိမ်းချမ်းစွာနဲ့
ဖြစ်စဉ်ကို ပြောပြရင်း အဖေ့ကို ကန်တော့လို့
အဖေ ပေးတဲ့ မေတ္တာ ဆုတွေကို ခံယူမိရပါတော့တယ် . . ။

ခင်ပွန်းကြီးဆယ်ပါးသည် သား သမီးတို့၏ အကျိုးစီးပွာကို
အစဉ် ထာဝရ အလိုရှိကြသည်သာလျှင်တည်း . . ။
စိုးစဉ်းမျှ မပြစ်မှား မိကြပါစေနှင့်။
ဘယ်သူ့ကြောင့်ဖြစ်စေ မိမိ ကံ သုံးပါးမှာ ဖြစ်တဲ့
ကုသိုလ် အကုသိုလ် ကံ ဆိုသည်က
မိမိ ရဲ့ ကံသာလျင် ဖြစ်ပါတယ် ။ မိမိပဲ ပြန် ခံစားရမှာပါ။

တစ်ပါးသူ မလိုတမာ ရက်စက် ယုတ်မာမှုကို နားယောင်လို့
ခင်ပွန်းကြီးဆယ်ပါးကိုများ အပြစ်မြင်ပြီး စော်ကားမိခဲ့ရင်
မိမိသာလျှင် ကံကြီးထိုက်လို့ ငရဲကျပြီး ၀ဋ်ခံရတော့မည်။
" စေ့ဆော်သော အကုသိုလ်ပြုမူ သူတို့ကား
ငရဲ ၀ဋ်ကြွေးသည် သူတို့၏ အကြောင်း တရားပင် ဖြစ်ခြိမ့်မည်။
ငါကား သူတော်ကောင်းတို့ အဆုံး အမဖြင့်
တည်သောသူ ဖြစ်မူကား သတိလွတ်၍ ငရဲ မယူပြီ။ "
အဲသည် သတိ အချိန်မီဝင်၍ အကုသိုလ်မှ
အချိန်မီ လွတ်ခဲ့ရုံမျှမက ကုသိုလ်စိတ်ပင် ပွားရပါသည်။

ဖခင်ကြီးအား ဦးချ ကန်တော့၍ သစ္စာပြုမိပါသည်။
ခင်ပွန်းကြီးဆယ်ပါးသည် ကျေးဇူးကြီးသည်မှန်ပါ၏။
ဖခင်၏ ကျေးဇူး အနန္တသည် ဆပ်၍မကုန်သည်မှာ မှန်ပါ၏။
ငါသည် မိခင် ဖခင် တို့အား ဖြူစင် သန့်ရှင်းသော
တရားသဖြင့်သော စီးပွားဖြင့် ယနေ့တိုင်
လုပ်ကြွေးပြုစုသည်မှာ မှန်ပါ၏။

ဤမှန်သော သစ္စာတရားသည်
ဝဋ်ကြွေး ဒုက္ခအပေါင်းမှ လွတ်မြောက်ရာအမှန်
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း အကြောင်းတရား
ဖြစ်ရပါစေသတည်း . . .။

အမျှ အမျှ အမျှ ယူတော်မူကြပါ ကုန်လော . . . ။


ပညာရှိ

မြင်နိုင်ရန် အလွန် ခဲယဉ်း၊ အလွန် သိမ်မွေ့၍၊
မျိုးနွယ် နိမ့် မြင့်၊ သင့် မသင့်ကို ချင့်တွက် မရှိ၊
တွေ့မိ တွေ့ရာ ကာမဂုဏ်၌ ကျရောက်လေ့ရှိသော စိတ်ကို
ပညာရှိသည် စောင့်ရှောက်ရာ၏။
လုံခြုံစွာ စောင့်ရောက်အပ်သော စိတ်သည် ချမ်းသာကို ဆောင်တတ်၏။
ဓမ္မပဒ အခန်း (၃) အပိုဒ် (၃၆) စိတ် တရားတော်။