Sunday, June 30, 2013

အမြတ်ဆုံးတရား(၆)ပါး


 

 (အနုတ္တရိယသုတ်)

(၁) မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့ ချစ်တဲ့စိတ်နဲ့၊ အင်မတန်ကြည်ညိုတဲ့စိတ်နဲ့ မြတ်စွာဘုရားကိုပဲဖြစ်စေ၊
မြတ်စွာဘုရားရဲ့ တပည့်သာဝကကိုပဲဖြစ်စေ
သွားရောက်ဖူးမြော်ရင် ဒီလိုဖူးမြော်တာကို
အမြတ်ဆုံးအမြင် လို့ခေါ်ပါတယ်။

(၂) မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့၊ ချစ်တဲ့စိတ်နဲ့၊
အင်မတန်ကြည်ညိုတဲ့စိတ်နဲ
မြတ်စွာဘုရားဟောတော်မူထားတဲ့ တရားတော်ကိုပဲဖြစ်စေ၊
တပည့် သား သာဝကဟောတဲ့ တရားတော်ကိုပဲဖြစ်စေ
သွားရောက်နာကြားရင် အမြတ်ဆုံးအကြား လို့ခေါ်ပါတယ်။

(၃) မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့ ချစ်တဲ့စိတ်နဲ့၊
မြတ်စွာဘုရားမှာဖြစ်စေ၊ တရားတော်မှာဖြစ်စေ၊ သံဃာတော်မှာဖြစ်စေ
သဒ္ဓါလို့ခေါ်တဲ့ သက်ဝင်ယုံကြည်မှုကို ရရင်
ဒီသဒ္ဓါ တရားရတာကို အမြတ်ဆုံးလာဘ် လို့ခေါ်ပါတယ်။

(၄) မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့ ချစ်တဲ့စိတ်နဲ့၊
မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့
သီလနဲ့ဆိုင်တဲ့ တရားတော်၊
သမာဓိ၊ ပညာနဲ့ဆိုင်တဲ့ တရားတော်တွေကို သင်ယူရင်
ဒီလိုသင်ယူတာကို အမြတ်ဆုံးသိက္ခာ လို့ခေါ်ပါတယ်။

(၅) မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့ ချစ်တဲ့စိတ်နဲ့၊
မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့ မြတ်စွာဘုရားကိုဖြစ်စေ၊
မြတ်စွာဘုရားရဲ့ တပည့်သာဝကကိုဖြစ်စေ လုပ်ကျွေးရင်
ဒီလိုလုပ်ကျွေးတာကို အမြတ်ဆုံးလုပ်ကျွေးမှု လို့ခေါ်ပါတယ်။

(၆) မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့ ချစ်တဲ့စိတ်နဲ့၊
မြတ်စွာဘုရားကိုဖြစ်စေ၊ တရားတော်ကိုဖြစ်စေ၊
သံဃာတော်ကိုဖြစ်စေ အဖန်တလဲလဲအောက်မေ့ရင်
ဒီလိုအောက်မေ့မှုကို အမြတ်ဆုံး အောက်မေ့မှု လို့ခေါ်ပါတယ်။

credit to youngbuddhistassociation.mm




 
ကောင်းတာတွေပဲ တွေးနေလိုက်စမ်းပါ . . ။
( ဆုတင် မှတ်စု )

ကိုယ့်တွေးတဲ့အရာဟာ
ကိုယ့်လောက ဖြစ်လာတာပါ။

လှတာကိုတွေးနေတဲ့အချိန်မှာ
ကိုယ့်လောကဟာ လှနေတယ်။

မြင့်မြတ်တာကို တွေးနေတဲ့အချိန်မှာ
ကိုယ့်လောကဟာ မြင့်မြတ်နေတယ်။

ငြိမ်းချမ်းတာကို တွေးနေတဲ့အချိန်မှာ
ကိုယ့်လောကဟာ ငြိမ်းချမ်းနေတယ်။

ဘယ်လိုအတွေးမျိုးကို ကိုယ့်စိတ်ထဲကို
အဝင်ခံနေသလဲ ဆိုတာ သတိထားပါ။

ကိုယ့်စိတ်ထဲဝင်လာတဲ့ အတွေးတွေဟာ
ကိုယ့်လောကကို ဖန်တီးလိမ့်မယ်။

ကိုယ့်အတွေးတွေ၊ သဘောထားတွေ ပြောင်းလိုက်ရင်
ကိုယ့်ဘဝ၊ ကိုယ့်လောကပါ ပြောင်းသွားတယ်။

- ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

credit to youngbuddhistassociation.mm




ဘ၀မှာ မလိုအပ်တဲ့ ဖိုင်တွေ ရှင်းသင့်



 
 
 
 
ကျနော့ ရုံးက ကွန်ပြူတာ သုံးရတာ နည်းနည်း လေး လာလို့
ရုံးက အိုင်တီ တာဝန်ရှိတဲ့ ၀န်ထမ်းလေးကို ခေါ်ပြော လိုက်တယ်။

သူက လုပ်စရာရှိတာတွေ လုပ်ရင်း . . .
ဦးဆု ကွန်ပြူတာ မှာ ဖိုင်တွေ အများကြီးဖြစ်နေတယ်။
ဒီတော့ လေးနေတာပေါ့ တဲ့ . . .။
ဖေါမက် ချရင်တောင် စက် ကိုယ်တိုင်ကလည်း
နည်းနည်းကြာလို့ လေး လာလည်း ပါတာပေါ့ တဲ့။
System ထဲက မလိုအပ်တဲ့ဖိုင် တွေတော့ ကျနော် ဖျက်ပြီးပြီ။
ကျန်တဲ့ မလိုအပ်တဲ့ ဖိုင်တွေတော့ ဦးဆု ဘာသာ ရှင်းမှ ရမယ်။
ဘာတွေ လိုတယ် မလိုဘူးဆိုတာ ဦးဆု မှ သိမှာပေါ့တဲ့ . . .။

မှန်ပါတယ် . . .။
ကျနော်တို့ နေ့စဉ်ဘ၀ ဖြတ်သန်းလာခဲ့တာ နှစ် ၄၀ ကျော်ပြီ . . .။
ရွှေရတုတန်းထဲ မကြာမီ ရောက်တော့ မှာပဲ . . . ။
ဦးနှောက်ထဲ၊ အတွေးထဲ ဘ၀ထဲမှာ သိမ်းဆည်း သိုမှီးထားရတာတွေ
ဘယ်လောက်များ များနေပြီလဲ . . . ။
လိုတာတွေကော မလိုတာတွေကော
အမှိုက်တွေလည်း ပွနေမှာပါ . .။
ဖေါမက် ချ ရင်တောင် လိုသလိုတော့
သုံး မရတော့မှာ သေချာပါတယ် . .။

တစ်ခါတစ်ရံ ဘီဒိုရှင်း စာရွက်စာတမ်း ဖိုင်တွေ ရှင်းရင်းတောင်
မလိုတော့တဲ့ စက္ကူ စာရွက်တွေ
ပစ္စည်းတွေ ထွက်လာတာ အများကြီးရယ် . . ။

မလိုအပ်တဲ့ အတွေးစိတ်က အစ ကံသုးပါးက ပြုသမျှ
တပ်မက် တွယ်တာမှု ကံ တရားတွေကို သိမ်းဆည်းရင်း
ကျနော်တို့ ဘ၀ သံသရာကြီး ခရီးမတွင် ပန်းတိုင် မရောက်ပဲ
နှေးတုန့် လေးကန် နေနေခဲ့ ကြလို့
ဘ၀တွေ ဘယ်လောက်များ များခဲ့ပါပြီလဲ . . ။

သင်္ခါရက အို နာ သေ ဖို့ သဘာဝ ရုပ်ခန္ဓာကြီး
တစ်နေ့ တစ်နေ့ လေး လာတဲ့ ကြားထဲကမှ
ကိလေသာ တွယ်တာ နှောင်တင်းမှု
ကံ ၀ဋ်ကြွေး ၀န်တွေ ပိုများလာရင်
ဤခရီး နီးသလားလို့ မမေးရဲစရာ ဖြစ်ရော့မယ် . . ။

ကျနော့်ဘ၀ထဲမှာ
တန်ဖိုးရှိတယ် ထင်လို့ သိမ်းထားခဲ့တဲ့ အထဲက
တကယ်လိုတဲ့ ကုသိုလ်တွေကိုသာ သေသေချာချာ သိမ်းဆည်းရင်း
မလိုအပ်တဲ့ ဖိုင်တွေ အမှိုက်တွေကို ကျနော်ကိုယ်တိုင်ပဲ
အများဆုံး အမြန်ဆုံး ရှင်းရပါဦးမယ် . . . . ။
ဒါမှ ပန်းတိုင် ခရီးအတွက် ၀န်မလေးပဲ ရှိတော့ မှာပေါ့ . . .။

ဤသို့လျှင် ဤခရီး မဝေးတော့ပြီ ထင်ပါတယ် . . .။

ဆုတင် . . .။

 
ကျနော်တို့ ဗုဒ္ဓဘာသာ အယူအဆ အရ
သူတစ်ဦးဟာ မြင့်တဲ့ အဆင့်တစ်ခုကို ရောက်လာပြီ ဆိုရင်
သူ့ကို အဲဒီ မြင့်စေတဲ့ အကြောင်းတရားများ ရှိနေလို့ပါပဲ . . .။
ထိုနည်းတူစွာ နိမ့်ပါးသွားရင်လည်း နိမ့်ပါးစေတဲ့
အကြောင်းတရားတွေ ရှိရမယ်လေ . . ။

သို့မို့ကြောင့် လမ်းဘေး ကုန်စိမ်းသည်လေးတစ်ဦး ဖြစ်ပါစေ
ဆိုင်နဲ့ ၀န်းနဲ့ စီးပွား ဖြစ်လာတယ်ဆိုရင်
ဖြစ်လောက်တဲ့ အကြောင်းတရားရှိလို့ပါ။
ချဲပေါက်လို့ပဲပြောပြော ပေါ့ဗျာ . . ။

သို့ပေသိ အဲသည် အောင်မြင်လာသောသူဟာ
သူရောက်နေတဲ့ အဆင့်ကို တရားနဲ့လျော်စွာ
မထိမ်းသိမ်း မစောင့်ရှောက်ရင်
( တစ်နည်း ) မိမိမြင့်မားလာတဲ့ အကြောင်းဟာ
မဂ္ဂင် ၈ ပါးနဲ့ အညီ ကောင်းမှု မပြည့်စုံရင်
( တစ်နည်း ) မိမိကိုယ်ကို ကောင်းစွာ မစောင့်ရှောက်နိုင်ရင်တော့
( ကံသုံးပါး ကို အဓိက ဆိုလိုသည် )
စောစောက မြင့်လာတဲ့အဆင့် ကနေ ပြုတ်ကျပြီး
မူလ အဆင့်ထက်တောင် နိမ့်ပါး သွားနိုင်ပါသေးတယ် . . ။

သို့မို့ကြောင့် စီးပွား လူမှု မြင့်မားလာသူများရဲ့
ကုသိုလ်ကံ အတွက် ကြိုးစားအားထုတ်မှုတွေကို
မနာလို စိတ်များ လုံးဝ မထားပဲ
သာဓုခေါ်ဆို အတုယူသင့်ကြသလို
နိမ့်ပါးသွားကြသူတွေအတွက်လည်း
ဂရုဏာထား သင်ခန်းစာ ယူသင့်လှပါတယ် . .။

အရေးကြီးတာကတော့
မိမိကိုယ်ကို တရားနဲ့လျော်စွာ စောင့်ရှောက်ထိမ်းသိမ်းလို့
ကုသိုလ်တရားများ ပွားများနိုင်ကြရင်
မိမိရဲ့ အကုသိုလ်ကံ မကုန်သေးလို့ နိမ့်ပါးနေရင်သော်မှ
တင့်တယ်စွာ ရုပ်ဝတ္တု ဆင်းရဲခြင်းသာ ဖြစ်ပါလိမ့်မယ်။

အောင်မြင်ချိန်ကျရောက်လာရင်တော့
ကုသိုလ်တရားသာ မမေ့ပါနဲ့ မိတ်ဆွေ
မိမိဘ၀အတွက် အထိုက်တန်ဆုံး အမြင့်မားဆုံးသော
ဘ၀အဆင့်ကို ရောက်မှာသေချာပါတယ် . . ။

မိမိကောင်းမှု အကြောင်းပြု
တောင်းဆု ပြည့်ဝကြပါစေ ခင်ဗျား . . ။

ဆုတင် . . ။
 

 
ကျနော့် အတွေ့ အကြုံတွေအရတော့
စေတနာ ယောင်ယောင် သတင်းပေး ယောင်ယောင်နဲ့
တစ်ခြားလူ တစ်ဘက်သားကို
( သတိထားနော် အဲ သည်လူ မကောင်းဘူး ) လို့ ပြောလာရင် . .

အဲသည် အပြောခံရတဲ့သူ သတိထားနော် ဆိုတဲ့သူ
ကြောက်စရာ ကောင်းတာထက် . . .
အဲသည်လို မကောင်းကြောင်း ပြောတဲ့သူက
ပိုကြောက်စရာ ကောင်းနေတတ်ပါတယ် . . ။

ခြေခြေမြစ်မြစ် မရှိပဲ တစ်ဘက်သားကို မကောင်းပြောတတ်သူဟာ
အလွန်ကြောက်စရာကောင်းပြီး အန္တရာယ်ကြီးတတ်တယ်လေ . . ။

ဆုတင် . . ။



 

 
လုပ်ငန်းရှင် ညီငယ်နှင့် နှမငယ်သို့ . . . ။

ဝန်ထမ်းဆိုး အချို့ရဲ့ ပြင်ပမှာ ပြောကြတဲ့
ကဲ့ရဲ့ တင်းဆိုစကားကြောင့်
စိတ်မချမ်းမြေ့ မဖြစ်ပါနဲ့ . . ။
လုပ်ငန်းရှင်ဆိုတိုင်း ဘူဇွာ ကပ်စေးနဲ မဟုတ်ပါဘူး။

အောက်ခြေက တက်လာကြရတဲ့ သူတွေအဖို့
ကိုယ်က လစာပေးရတဲ့နေရာရောက်လာရင်
လုပ်ငန်းရှင်တွေကို ကိုယ်ချင်းစာတတ် လာပါလိမ့်မယ်။
စိတ်မညစ်ပါနဲ့ ညီမကလေး။

အောင်မြင်တယ်ဆိုတာ ကိုယ်ကြောင့် လူဘယ်နှစ်ဦး
ဖြူစင်သော ငွေကြေးလစာ လစာရရှိ
မီခိုနေနိုင်အောင် စွမ်းဆောင်နိုင်သလဲဆိုတာ
လက်တွေ့ပြတဲ့ အောင်မြင်မှုပဲ။

စေတနာ အကျိုးပေးပါလိမ့်မယ်။
အောင်မြင်ပါစေဗျား . . ။

မင့်တို့ အကို ဆုတင်။




နယုန်လပြည့် မဟာသမယနေ့


မဟာသမယ အခါတော်နေ့ သိမှတ်ဖွယ်ရာ ( ဆုတင် မှတ်စု )

by Su Tin (Notes) on Sunday, June 23, 2013 at 1:19pm
"နှစ်ပြည်ထောင် ရေလုကြရာမှ ဖြစ်လာပုံ"
--------*------------*----
သက္ကတိုင်း၊ ကပိလဝတ်ပြည်နှင့် ကောလိယပြည် နှစ်ပြည်ထောင်တို့၏အကြား၌
“ရောဟိနီ" မည်သော မြစ်ငယ်တစ်ခု ရှိပေသည်။
ထိုမြစ်ငယ် တည်ရှိပုံမှာ ငါးကြင်းမြီးကဲ့သို့ ဖြစ်၏။ အရင်းအစ၌ တစ်ခုတည်းသာဖြစ်၏။
မြစ်ဖျား၌မူ လက်ဝဲ၊ လက်ယာအားဖြင့် နှစ်ခွဖြစ်သွား၏။

တစ်ဘက်သောမြစ်၏ ကမ်းပါးတွင် ကပိလဝတ်ပြည်သူ၊၊ ပြည်သားတို့က ရေသွင်း၍ လယ်ယာလုပ်ကြ၏၊
တစ်ဘက်သော မြစ်၏ ကမ်းပါးတွင် ကောလိယပြည်သူ၊ ပြည်သားတို့က ရေသွင်း၍ လယ်ယာလုပ်ကြ၏။

ဤကဲ့သို့ လယ်ယာလုပ်ကြရာတွင် ယခုလို နယုန်လပြည့်သို ရောက်လာသော အခါ
မိုးကောင်းကောင်း မရွာသေးသည်ဖြစ်၍ ရောဟိနီမြစ်၌ ရေနည်းပါးလာ၏
ကောက်ပင်တို့သည် ရေမရ၍ ညိုးနွမ်းလာကြ၏။
ရောဟိနီမြစ်မှရေကို နှစ်ဖက်လုံး အညီအမျှသွင်းလျှင် ရေမရနိုင်သောကြောင့်
ကောလိယပြည်သားတို့က “အကျွန်ုပ်တို့ ၏ ကောက်ပင်တို့သည် ရေတစ်ကြိမ်
သွင်းလိုက်ရလျှင် သီးနှံများအောင်သွားမည် ဖြစ်ပေသည်။
ကပိလဝတ်ပြည်သားတို့ဘက်မှ မြစ်ကိုပိတ်ထား၍ အကျွန်ုပ်တို့အား ရေးပေးလော့“ ဟု တောင်းဆိုကြကုန်၏။

ကပိလဝတ်ပြည်သားတို့ကလည်း ထိုနည်းတူစွာ ရေကိုတောင်းဆိုကြကုန်၏။
ဤကဲ့သို့ တောင်းဆိုကြရာ အငြင်းပွား၍ အချင်းချင်း ခိုက်ရန်ဖြစ်ကြကုန်၏။
ခိုက်ရန်ဖြစ်ကြရာတွင် မင်းသားတို့ကိုပါ ထိခိုက်အောင် ရေရွတ်ဆဲဆိုကြသောကြောင့်
စစ်သည်ဗိုလ်ပါ အလုံးအရင်းတို့ဖြင့် စစ်တိုက်ဖို့ရာ စစ်မြေပြင်သို့ ထွက်လာကြာကုန်၏။

"မြတ်စွာဘုရားကြွလာ၍ လက်နက်ချကြခြင်း"
--------*------------*----
ဤကဲ့သို့ နှစ်ပြည်ထောင်မင်းသားတို့ စစ်တိုက်ကြတော့မည့် အကြောင်းကို မြတ်စွာဘုရား သိမြင်တော်မူ၍
သာဝတ္ထိပြည်မှ ကောင်းကင်ခရီးဖြင့် ကြွလာတောမူပြီးလျှင် နှစ်ဘက်သော စစ်သည်တို့၏အလယ် ကောင်းကင်၌
တည်တော်မူကာ ရောင်ခြည်တော်များကို လွှတ်တော်မူလျက် သီတင်းသုံးနေတော်မူ၏။

ထိုအခါ ကပိလဝတ်ပြည် မင်းသားများနှင့် စစ်သည်တော်တို့သည် ကောင်းကင်၌ တည်နေတော်မူသော
မြတ်စွာဘုရားကို ဖူးမြင်ရ၍ “မြတ်စွာဘုရား ရှေ့တော်မှောက်၌ သူတစ်ပါးတို့ကို ညှဉ်းဆဲသက်ဖြတ်လို့ မတော်ပေဘူး၊
ကောလိယမင်းများနှင့် စစ်သည်တော်တို့က မိမိတို့အား အလိုရှိတိုင်း နှိပ်စက်ကြစေတော့“ ဟု
လက်နက်များကို စွန့်ပစ်ကာ ထိုင်၍ မြတ်စွာဘုရားကို ရှိခိုးကြကုန်၏။
ကောလိယမင်းသားများနှင့် စစ်သည်တော်တို့ကလည်း ကပိလဝတ်ပြည် မင်းသားများနှင့် စစ်သည်တော်တို့၏ နည်းတူစွာ
လက်မက်များကိုစွန့်ပစ်၍ မြတ်စွာဘုရားကို ထိုင်၍ ရှိခိုးကြလေကုန်၏။

"မြတ်စွာဘုရား တရားဟောခြင်း"
--------*------------*----
ထိုအခါ မြတ်စွာဘုရားက နှစ်ပြည်ထောင်မင်းတို့၏ စစ်တိုက်ကြရမည့် အကြောင်းကို မေးတော်မူ၍
ရေကြောင့် စစ်တိုက်ကြမည့် အကြောင်းကို လျှောက်ထား ကြကုန်လေ၏။
ဤကဲ့သို့ လျှောက်ထားသော အခါ “မင်းသားတို့…. ရေထက် မြေက အဖိုးထိုက်တန်ပေသည်၊
မြေထက် မင်းမျိုးတို့က အဖိုးထိုက်တန်ပေသည်၊ ရေကြောင့် မင်းမျိုးတို့ကို မပျက်စီးစေကြကုန်လင့်“ ဟု
မိန့်ကြားတော်မူပြီးလျှင် ရန်ပြေ မာန်ပြေ တရားတော်များကို ဟောကြားတော်မူပါသည်။

အရာမဟုတ်သည်၌ ရန်မူခြင်းကြောင့် ပျက်စီးကြသော ဖန္ဒနဇာတ်တော်၊
ပညာမဲ့တွှို၏ စကားကြောင့် ပျက်စီးကြသော ပထဝီ ဥန္ဒြိယဇာတ်တော်၊
အားသေးသော်လည်း အားကြီးသူအား ပျက်စီးစေသော လဋုကိကဇာတ်တော်တို့ကို ဟောကြားတော်မူ၏။
ထို့နောက် ညီညွတ်ခြင်း၏ အကျိုးတရားတို့ကိုပြသော ရုက္ခဓမ္မဇာတ်တော်၊ ဝဋ္ဋကဇာတ်တော်တို့ကို ဟောကြားတော်မူ၏။


"မင်းသားငါးရာ အပ်နှင်းခြင်း"
--------*------------*----
ထိုအခါ နှစ်ပြည်ထောင်မင်းမျိုးတို့သည် “ဤစစ်မြေပြင်သို့ မြတ်စွာဘုရား ကြွမလာခဲ့သော် ငါတို့အားလုံး သွေးချောင်းစီး၍
သေကျေပျက်စီးကြရကုန်လတ္တံ့၊ ယခုအခါ အသက်သေရခြင်းဘေးမှ လွတ်ကင်းချမ်းသာကြရပေသည်။
မြတ်စွာဘုရားအလောင်းတော်သည်တောမထွက်ခဲ့လျှင် စကြဝတေးမင်းကြီး အမှန်ပင်ဖြစ်မည်၊
အခြံအရံ မင်းသားပေါင်းများစွာဖြင့် နေရမည် ဖြစ်ပေသည်။
ယခု မြတ်စွာဘုရားဖြစ်သည့်အခါမှာလည်း မင်းသားအခြံအရံများနှင့် နေရမှာသာ သင့်တော်မည်" ဟု ဆိုကြကာ
ကပိလဝတ်ပြည်မင်းမျိုးမှ ၂၅၀၊ ကောလိယမင်းမျိုးမှ ၂၅၀-တို့ကို မြတ်စွာဘုရားအား အပ်နှင်းကြကုန်၏။
မြတ်စွာဘုရားသည် ထိုမင်းသားငါးရာတို့ကို ဧဟိဘိက္ခုခေါ်၍ ရဟန်းပြုပေးတော်မူလိုက်၏။

"ကုဏာလရေအိုင်သို့ခေါ်ဆောင်ခြင်း"
--------*------------*----
ထိုရဟန်းငါးရာတို့သည် သားမယားတို့ထံမှ သတင်းစကားများကို ခဏခဏ ကြားကြရသောကြောင့် လွန်စွာ ပျင်းရိကြကုန်၏။
ဤကဲ့သို့ ပျင်းရိနေခြင်းအကြောင်းကို မြတ်စွာဘုရားသိတော်မူ၍ ဟိမဝန္တာ၌ရှိသော ကုဏာလရေအိုင်၏
ပျော်မွေ့ဖွယ်ရာ ဂုဏ်ကျေးဇူးများကို ချီးမွမ်းကာ ပြောကြားတော်မူ၏။
ရဟန်းငါးရာတို့ ကုဏာလရေအိုင် သို့ သွားချင်သည့်စိတ်များ ဖြစ်လာသောအခါ မြတ်စွာဘုရား၏ တန်ခိုးတော်ဖြင့် ကောင်းကင်မှ ခေါ်ဆောင်သွားတော်မူ၏။

ထိုရဟန်းငါးရာတို့သည် ကုဏာလရေအိုင်သို့ ရောက်သွားသောအခါ
ရှေးက မမြင်းခဲ့ဖူးသေးသော လိပ်တို့ကိုလည်း မေးလျှောက်ကြကုန်၏။
ရှေးက မမြင်းခဲ့ဖူးသေးသော တောတိရိစ္ဆာန်များတို့ကိုလည်း မေးလျှောက်ကြကုန်၏။
ရှေးက မမြင်းခဲ့ဖူးသေးသော သစ်ပင်တို့ကိုလည်း မေးလျှောက်ကြကုန်၏။
ရဟန်းတော်တို့ မေးလျှောက်တိုင်း မေးလျှောက်တိုင်း အမည်နာမနှင့်တကွ မြတ်စွာဘုရား ဖြေကြားတော်မူ၏။

"ကုဏာလဇာတ်ကို ဟောကြားခြင်း"
--------*------------*----

ထိုသို့ ဖြေကြားပေးနေ့သည့် အခိုက်အတန့်၌ပင် ငှက်နှစ်ကောင်တို့သည်
တစ်ခုသောတုတ်တံ၏ အဖျားနှစ်ဖက်ကို တစ်ဖက်တစ်ကောင်စီ နှုတ်သီးဖြင့်ချီ၍
အလယ်၌ ငှက်မင်းကိုထိုင်စေလျှက် ပျံသန်းလာကြ၏။
ရှေ့နောက်ဝဲယာတို့မှာလည်း ငှက်အပေါင်းတို့သည် ငှက်မင်းကို ခြံရံကာ ပျံသန်းလာကြ၏။
ဤကဲ့သို့ အံ့သြဖွယ်ရာ ပျံသန်းလာကြသည်ကို မြင်ကြသော ရဟန်းငါးရာတို့အား
ကုဏာလဇာတ်ကို မြတ်စွာဘုရား ဟောကြားတော်မူပေသည်။


"သောတာပန်ဖြစ်ကြခြင်း"
--------*------------*----
ကုဏာလဇာတ်ကို နာကြားကြရသော ရဟန်းငါးရာတို့အား စိတ်ကြည်နူး နှစ်သက်မူ ပီတိများ ဖြစ်လာကြပေသည်။
ပီတိကို အမှီပြု၍ ကိုယ်စိတ်တို့၏ ငြိမ်းအေးမှု ပဿဒ္ဓိများ ဖြစ်လာကြပေသည်။
ပဿဒ္ဓိကိုအမှီပြု၍ ရုပ်နာမ်၊ ကြောင်းကျိုး၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကိုသိသော ဝိပဿနာဥာဏ်များ ဖြစ်လာကြပေသည်။
ထိုနောက် ဝိပဿဥာဏ်များ အဆင့်ဆင့် ရင့်ကျက်လာပြီးလျှင်
အဘိညာဉ်ရသော သောတာပန် ပုဂ္ဂိုလ်များ ဖြစ်သွားကြလေ၏။

"မဟာဝုန်တောသို့ ပြန်ကြွခြင်း"
--------*------------*----
ရဟန်းငါးရာတို့ အဘိညာဉ်ရသည့်သောတာပန်များ ဖြစ်ပွားပြီးသောအခါ မြတ်စွာဘုရားသည် ထိုရဟန်းငါးရာတို့ကို ကောင်းကင်ခရီးဖြင့် ခေါ်ဆောင်၍ မဟာဝုန်တောသို့ ပြန်ကြွတော်မူ၏။
ထိုရဟန်းငါးရာတို့သည် မိမိတို့၏ အဘိညာဉ်ဖြင့် ကောင်းကင်သို့ ကြွရောက်၍
မြတ်စွာဘုရားနှင့် အတူတကွ လိုက်ပါသွားကြလေသည်။

"ရဟန္တာဖြစ်ကြခြင်း"
--------*------------*
မဟာဝုန်တောသို့ ရောက်သွားသောအခါ ထိုရဟန်းငါးရာတို့အား အထက်မဂ်၊ အထွက်ဖိုလ်များအတွက်
ကမ္မဌာန်းတရားများကို မြတ်စွာဘုရား ဟောကြားပေးသနား တော်မူပါသည်။
ရဟန်းတော်ငါးရာတို့သည် ဆိတ်ငြိမ်ရာ အရပ်သို့ ချဉ်းကပ်၍ ဝိပဿနာတရားများကို ကြိုးစားအားထုတ်ကြရာ
ငါးရာလုံးပင် ရဟန္တာဖြစ်သွားကြ လေ၏။

ထိုရဟန္တာပုဂ္ဂိုလ်တို့သည် မိမိတို့ရရှိခဲ့သော ရဟန္တာအဖြစ် တရားထူး တရားမြတ်ကို လျှောက်ထားကြ၍
မြတ်စွာဘုရားထံ အသီးအသီး ရောက်လာကြကုန်၏။
မြတ်စွာဘုရားအနီးသို့ ရဟန္တာငါးရာတို့ ရောရှိနေကြာသော အချိန်သည် မြတ်စွာဘုရား၎-ဝါရပြီး
၅-ဝါသို့ရောက်ဆဲ၊ မဟာသက္ကရာဇ် ၁၀၇-ခုနှစ်၊ နယုန်လပြည့်နေ့ လရောင်ထိန်းလင်း ရှုခင်းသာယာ ညဥ့်အချိန်အခါ ဖြစ်ပေသည်။

ထို့ညဥ့်အချိန်အခါတွင် မဟာဝုန်တော၌ ကိလေသာအညစ်အကြေး ကင်းဝေစင် ကြယ်နေသော ရဟန္တာငါးရာတို့သည် မြတ်စွာဘုရားကို ခညောင်းဝိုင်းရံလျှက် သီတင်းသုံးနေတော်မူကြ၏။
ထိုသိ့ ရဟန္တာငါးရာတို့ ဝန်းရံလျက် မြတ်စွာဘုရားသီတင်း သုံးနေတော်မူသည်ကို
မဟာဝုန်တောထဲတွင် အနီးအနား၌ရှိကြသော နတ်တို့သည် မြင်ကြကုန်၏။

ထိုသို့ မြင်ကြသောအခါ နတ်တို့သည် အချင်းချင်း ဖိတ်ခေါ်ကြကုန်၏။
"အမောင်နတ်သား အမိနတ်သမီးတို့…..လာကြကုန်လော့။
ဘုရားကို ဖူးမြင်ခြင်း၊ တရားကို နာကြားခြင်း၊ သံဃာကို ဖူးမြင်ခြင်းတို့သည်အကျိုးများလှ၏။
လာကြကုန်လော့ သွားကြကုန်စို့” ဟူ၍ များစွာသောအသံတို့ဖြင့် ကြွေးကြော်ကာ သွားရောက်၍
မြတ်စွာဘုရားနှင့် ရဟန္တာငါးရာတို့အား ရှိခိုးကာ နေကြကုန်၏။

ထိုနတ်တို့၏ ကြွေးကြော်သုံတို့ကို အဆင့်ဆင့် ကြားကြ၍
တစ်သောင်းသော စကြာဝဠာတိုက်တို့မှ နတ်ဗြဟ္မာတို့ စုဝေးလာကြကုန်၏။

ဤစကြဝဠာတိုက်၌ နတ်ဗြဟ္မာတို့ဖြင့် ပြည့်ကျပ်၍နေ၏။
အလွန်သိမ်မွေ့သေးငယ်သော ခန္ဓာကိုယ်ကို ဖန်ဆင်း၍ နေကြရကုန်၏။
မြတ်စွာဘုရား၏ အနီးတွင် သားမြီးတစ်မျှင် (ဆံပင်တစ်မျှင်) မျှသောနေရာ၌
တစ်ဆယ် နှစ်ဆယ် သုံးဆယ်သော နတ်ဗြဟ္မာတို့ နေကြရကုန်၏။
မြတ်ဘုရားနှင့်ဝေးသော နေရာတို့၌ သားမြီးတစ်မျှင်(ဆံပင်တစ်မျှင်) မျှသောနေရာတို့၌
ခြောက်ဆယ်သော နတ်ဗြဟ္မာတို့ အလွန်သိမ်မွေ့သေးငယ်သော ခန္ဓာကိုယ်ကို ဖန်းဆင်၍ နေကြရကုန်၏။

ဤကဲ့သို့ အလွန်များပြားသော နတ်ဗြဟ္မာတို့ စည်းဝေးရောက်လာကြာသောအခါ
ရှေးဦးစွာ ထိုနတ်ဗြဟ္မာတို့၏ အမည်တို့ကို ဖော်ထုတ်၍ ဟောကြားတော်မူ၏။
ထို့နောက် နတ်ဗြဟ္မာတို့၏ စရိုက်အားလျော်စွာ မဟာသမယသုတ္တန် ၆-သုတ်ကို ဟောကြားတော်မူ၏။

♦ ၁။ တပ်မက်ခြင်း = ရာဂစရိုက်များသော နတ်ဗြဟ္မာတို့အား "သမ္မာပရိဗ္ဗာဇနိယသုတ်" ။

♦ ၂။ ကြမ်းတမ်းပြစ်မှားခြင်း= ဒေါသစရိုက်များသော နတ်ဗြဟ္မာတို့အား "ကလဟဝိဝါဒသုတ်"။

♦ ၃။ မသိတွေဝေခြင်း = မောဟစရိုက်များသော နတ်ဗြဟ္မာတို့အား "မဟာဗျူဟသုတ်" ။

♦ ၄။ ကြံစည်ခြင်း = ဝိတက်စရိုက်များသော နတ်ဗြဟ္မာတို့အား "စူဠဗျူဟသုတ်"။

♦ ၅။ ယုံကြည်ခြင်း = သဒ္ဓါစရိုက်များသော နတ်ဗြဟ္မာတို့အား "တုဝဋကသုတ်"။

♦ ၆။ အသိဥာဏ်ရှိခြင်း = ဗုဒ္ဓိစရိုက်များသော နတ်ဗြဟ္မာတို့အား "ပုရောဘေဒသုတ်" ဟူသော ၆-သုတ်တို့ကို ဟောကြားပါသည်။

တစ်သုတ် တစ်သုတ်တို့၏ ဟောကြားခြင်း အဆုံးအဆုံး၌ ကုဋေတစ်သိန်းသော နတ်ဗြဟ္မာတို့ ရဟန္တာဖြစ်ကြကုန်သည်။

သောတာပန်၊ သကာဒါဂါမ်၊ အနာဂါမ်ဖြစ်သူတို့လည်းမရေတွက်နိုင်အောင် များပြားကြလေသည်။
နတ်ဗြဟ္မာတို့အတွက် အလွန်အကျိုးများသောသုတ္တန်များဖြစ်ကြ၍
ဤမဟာသမယ သုတ္တန်များကို ရွတ်ဆိုသော ပုဂ္ဂိုလ်တို့အား နတ်ဗြဟ္မာတို့က
အထူးစောင့်ရှောက်ကြ သဖြင့် ဘေးရန်ကင်း၍ ကောင်းကျိုးချမ်းသာ အမျိုးမျိုးတို့ကို ရရှိနိုင်ကြပေသည်။

credit to
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Young Buddhist's Association -Myanmar .


မဟာသမယ၌ မဟာ-ကတစ်ပုဒ်၊ သမယ-ကတစ်ပုဒ် ဖြစ်ပါသည်။
မဟာ-က ကြီးကျယ် များပြားသော၊
သမယ-က နတ်ဗြဟ္မာတို့၏ အစည်းအဝေး၊
မဟာသမယ များစွာသော နတ်ဗြဟ္မာတို့
အစည်းအဝေးဟူ၍ အဓိပ္ပါယ်ရပါသည်။
ထိုနတ်ဗြဟ္မာတို့ အစည်းအဝေး၌ ဟောကြားအပ်သော
သုတ္တန်များကို “မဟာသမယသုတ်” ဟု ဆိုရပေသည်။

"မဟာသမယသုတ်ကို ရွတ်ဆိုရခြင်းအကျိုး"
--------*------------*----------*----------*
မဟာသမယသုတ်များကို ရွတ်ဆိုကြသောပုဂ္ဂိုလ်တို့အား
နတ်တို့က ချစ်ခင်မြတ်နိုးကြ၏။ ထို့ကြောင့် ဘေးရန်အန္တရာယ်များကင်းအောင် စောင့်ရှောက်ကြ၏။
ကောင်းကျိုးချမ်းသာများ ရရှိအောင်လည်း ဆောင်ရွတ်ပေးကြ၏။
သို့ဖြစ်၍ ရှေးသူတော် ကောင်းတို့သည်
အိမ်သစ်၊ နေရာသစ်၊ မြို့သစ်၊ ရွာသစ်များ တည်ဆောက်ကြရာ၌
မဟာသမယသုတ်ကို ရွတ်ဆိုကြကုန်၏။
ရွတ်ဆို၍ တည်ဆောက်ကြကုန်၏။

"ဟောကြားရာအခါ သိကောင်းစရာ"
--------*------------*----------*----------*
မြတ်စွာဘုရားသည် ၄-ဝါရပြီး ၅-ဝါမြောက်မှာ
မဟာသက္ကရာဇ် ၁၀၇-ခုနှစ်၊ နယုန်လပြည့်နေ့၌
မင်းမျိုးမှဖြစ်သော ရဟန္တာငါးရာနှင့် အတူတကွ
ကပိလဝတ်ပြည်၏ အနီး မဟာဝုန်တောကြီး၌
သီတင်းသုံးတော်မူ၏။
ထိုအခါ တစ်သောင်းသော
စကြာဝဠာ တိုက်မှ နတ်ဗြဟ္မာတို့ လာရောက်၍ ဖူးမြင်ကြသည်။
ထိုသို့ လာရောက်၍ ဖူမြင်ကြသော နတ်ဗြဟ္မာတို့အား ဤမဟာသမယသုတ်များကို ဟောကြားတော်မူခဲ့ပါသည်။

credit to
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Young Buddhist's Association -Myanmar .


မဟာသမယ နှင့် ရဟန်း ၅၀၀
( ဆုတင် မှတ်စု )

မဟာသမယနေ့ တစ်နေ့တည်းတွင် ရဟန္တာဖြစ်တော်မူကြသော
ရဟန်း ၅၀၀ သည်ကား အသက်အရွယ်အားဖြင့် နုပျိုသော ရဟန္တာများ ဖြစ်ကြပေသည်။
မင်းမျိုးမှ ဖြစ်လာကြသော ရဟန္တာများ ဖြစ်ကြပေသည်။
နှစ်ပြည်ထောင်မင်းတို့၏ စစ်ပြေငြိမ်းရာမှ ဖြစ်လာသော
ရဟန္တာများ ဖြစ်ကြပေသည်။
ရဟန္တာငါးရာတို့သည် သက္ကတိုင်း၊ ကပိလဝတ်ပြည်မှ ရဟန္တာ ၂၅၀၊
ကောလိယပြည်မှ ရဟန္တာ ၂၅၀-တို့ဖြစ်ကြပေသည်။

credit to
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Young Buddhist's Association -Myanmar .